KBZPay အကောင့်ရှိ တစ်ခါသုံး OTP ကုတ် နှင့် PIN နံပါတ် တို့၏ အရေးပါပုံ
OTP ဆိုသည်မှာ
တစ်ခါသုံး လျှို့ဝှက်နံပါတ် OTP သည် KBZPay Account သို့ Login ဝင်ရန် သို့မဟုတ် ငွေလွှဲ ပြုလုပ်ရာတွင် ဖြည့်သွင်းရသည့် နံပါတ် ၆ လုံးပါ ကုတ်နံပါတ်ဖြစ်ပြီး အဆိုပါ ကုတ်နံပါတ်အား customer များ၏ KBZPay အကောင့် register ပြုလုပ်ထားသည့် ဖုန်းနံပါတ်သို့ ပေးပို့ပါသည်။
PIN နံပါတ်ဆိုသည်မှာ
PIN နံပါတ်သည် KBZPay အကောင့် လုံခြုံစိတ်ချရမှုရှိစေရန် အရေးကြီးသည့် ဒစ်ဂျစ်တယ် သော့တစ်ချောင်း ဖြစ်ပါသည်။ PIN နံပါတ်အား မိတ်ဆွေအပေါင်းအသင်းများဖြစ်စေ၊ မိသားစုဝင်များဖြစ်စေ၊ ဘဏ်ဝန်ထမ်းများဖြစ်စေ၊ ကုန်သည် (merchant) များဖြစ်စေ၊ မည်မျှရင်းနှီးသူဖြစ်စေ မည်သူနှင့်မျှ လုံးဝ (လုံးဝ) မျှဝေခြင်းမပြုရန် အလွန်အရေးကြီးပါသည်။ ထိုနံပါတ်ကို KBZPay မှလည်း မည်သည့်အခါမျှ တောင်းဆိုမည်မဟုတ်ပါ။
PIN နံပါတ်သတ်မှတ်ရာတွင်လည်း ခန့်မှန်းရလွယ်ကူသော ဆင်တူကဏန်းများ၊ မိမိ၏မွေးနေ့၊ မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ် အစရှိသည့် နံပါတ်များကိုရှောင်ရှားပြီး မိမိတစ်ဦးသာသိနိုင်မည့် ခိုင်မာသော PIN နံပါတ်မျိုးပေးထားရန် အထူးအရေးကြီးပါသည်။
OTP နှင့် PIN ထက် ပိုမိုကောင်းမွန်သော နည်းပညာ လုံခြုံမှုအားထပ်မံတိုးမြှင့်ရန်အတွက် QR Authentification နှင့် device-based notification ကဲ့သို့ လုပ်ဆောင်ချက် များကို အကောင်အထည်ဖော်သွားရန် ဆောင်ရွက်လျက်ရှိပြီး အသုံးပြုသူများ၏ ဒစ်ဂျစ်တယ်ပိုက်ဆံအိတ် ပိုမို လုံခြုံမှုရှိစေရန် KBZPay မှ ဆက်လက် လုပ်ဆောင်လျက်ရှိပါသည်။
မသမာသူများမှ ငွေကြေး လိမ်လည်ရယူရန် ပြုလုပ်တတ်သည့် ကြိုးပမ်းမှုများနှင့် ပတ်သက်၍လည်း အလေးဂရုပြုကြပါရန် KBZPay မှ တိုက်တွန်းလိုပါသည်။ အယောင်ဆောင် အက်ပလီကေးရှင်းများနှင့် လင့်ခ်များ၊ အယောင်ဆောင် ဖုန်းခေါ်ဆိုမှုများနှင့် message များမှတစ်ဆင့် မသမာသူများသည် လူကြီးမင်း၏ အချက်အလက်များအား ၎င်းတို့ထံသို့ ရောက်ရှိစေရန်အတွက် နည်းလမ်းပေါင်းစုံဖြင့် ချဉ်းကပ် လှည့်စားလေ့ရှိပါသည်။ ထို့ကြောင့် Google Play Store သို့မဟုတ် Apple App Store ကဲ့သို့သော ယုံကြည်စိတ်ချရသည့် အရင်းအမြစ်များမှသာလျှင် KBZPay app ကို download လုပ်၍ ရယူရန် တိုက်တွန်းပါသည်။
လူကြီးမင်း၏ အကောင့်လုံခြုံမှုအတွက် KBZPay app ကို နောက်ဆုံး version သို့ အဆင့်မြှင့်တင်ထားရန် လိုအပ်သလို အခြားသူများနှင့် မျှဝေသုံးစွဲထားသည့် device များဖြင့် မိမိ၏ KBZPay သို့ login ဝင်ရောက်ခြင်း ကိုရှောင်ကြဉ်သင့်ပါသည်။
မိမိ၏ အကောင့်တွင် သံသယဖြစ်ဖွယ်ငွေကြေးဆောင်ရွက်ချက်များကို သတိပြုမိလျှင်ဖြစ်စေ၊ အကူအညီ လိုအပ်လျှင်ဖြစ်စေ KBZPay ၏ Hotline 3211 သို့ ၂၄ နာရီ ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါသည်။