
မသမာသူတွေ အသုံးများသည့် လိမ်လည်နည်းလမ်းများ
လိမ်လည်သူများသည် ကမ္ဘောဇဘဏ် (သို့) KBZPay ဝန်ထမ်းများအဖြစ် ဟန်ဆောင်၍ Customer များထံမှ OTP နှင့် PIN နံပါတ်များကို နည်းအမျိုးမျိုးဖြင့် တောင်းခံကာ Customer များ၏ KBZPay အကောင့်အတွင်းရှိ ငွေများကို ခိုးယူရန် ကြိုးစားတတ်ပါသည်။ မသမာသူများ သုံးလေ့သုံးထရှိသည့် လိမ်လည်နည်းများမှာ အောက်ပါအတိုင်းဖြစ်သည်-

အီးမေးလ်မှ တစ်ဆင့် လိမ်လည်ခြင်းများ
မသမာသူများသည် KBZPay မှပေးပို့သည်ဟု ထင်ယောင်ထင်မှားဖြစ်အောင် ဟန်ဆောင်၍ Customer များ၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ သို့မဟုတ် အကောင့်အတည်ပြုရန်အတွက် OTP နှင့် PIN နံပါတ်များကို တောင်းဆိုသော အီးမေးလ်များကို ပေးပို့တတ်သည်။
အဆိုပါ အီးမေးလ်များသည် ကမ္ဘောဇဘဏ်မှ ပေးပို့လာသော အီးမေးလ်နှင့် တူညီနေနိုင်သော်လည်း ၎င်းတို့သည် Customer များ၏ အချက်အလက်များကို ခိုးယူရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ထိုအီးမေးလ်များကို တုံ့ပြန်ခြင်း သို့မဟုတ် အီးမေးလ်တွင် ပါဝင်သည့် လင့်ခ်များကို နှိပ်ခြင်း၊ ပူးတွဲပါ ဖိုင်များကို ဖွင့်ကြည့်ခြင်း မပြုလုပ်ဘဲ ပေးပို့သူ၏ အီးမေးလ် လိပ်စာကို သေချာ စစ်ဆေးပြီး သံသယရှိပါက KBZPay Call Center သို့မဟုတ် နီးစပ်ရာ KBZPay Center သို့ ဆက်သွယ်အတည်ပြုပါ။
ဖုန်းခေါ်ဆိုလိမ်လည်ခြင်းများ
မသမာသူများသည် ကမ္ဘောဇဘဏ် ဝန်ထမ်း သို့မဟုတ် တာဝန်ရှိသူအဖြစ် ဟန်ဆောင်၍ ဖုန်းခေါ်ဆိုကာ KBZPay အကောင့်တွင် အရေးတကြီး ပြဿနာရှိသည်ဟု အကြောင်းပြကာ OTP နှင့် PIN နံပါတ်များကို တောင်းဆိုတတ်သည်။
ကမ္ဘောဇဘဏ် ဝန်ထမ်းများအနေဖြင့် ဖုန်းမှတစ်ဆင့် ထိုအချက်အလက်များကို ဘယ်သောအခါမျှ တောင်းဆိုမည်မဟုတ်ကြောင်း သိရှိထားသင့်ပါသည်။
ထိုသို့ ဖုန်းခေါ်ဆိုမှုများ လက်ခံရရှိပါက ဖုန်းကို ချက်ချင်း ချပြီး KBZPay Call Center သို့မဟုတ် နီးစပ်ရာ KBZPay Center သို့ ဆက်သွယ်အတည်ပြုပါ။


စာတိုပေးပို့လိမ်လည်ခြင်းများ
မသမာသူများသည် Customer များ ယုံကြည်စိတ်ချသော အဖွဲ့အစည်းမှ ပေးပို့သည်ဟု ထင်ယောင်ထင်မှားဖြစ်စေသော စာတိုများကို ပေးပို့ကာ အတုအယောင်ဝက်ဘ်ဆိုက်များသို့ လမ်းညွှန်သည့် လင့်ခ်များကို နှိပ်မိစေရန် လှည့်စားတတ်သည်။
စာတိုများကို အမြဲစစ်ဆေးပြီး မိမိ မသိရှိသော လင့်ခ်များကို မနှိပ်မိစေရန် အထူးသတိထား ရှောင်ကြဉ်ပါ။
လူမှုကွန်ရက်မှ အကောင့်အတုများဖြင့်လိမ်လည်မှုများ
မသမာသူများသည် လူမှုကွန်ရက်ပေါ်တွင် ကမ္ဘောဇဘဏ် သို့မဟုတ် KBZPay အကောင့်တုများကို ဖန်တီးကာ Customer များ ထံမှ OTP နှင့် PIN နံပါတ်များကို တောင်းဆိုတတ်သည်။
ကမ္ဘောဇဘဏ် ဝန်ထမ်းများအနေဖြင့် Customer များ၏ OTP နှင့် PIN နံပါတ် အပါအဝင် အခြားကိုယ်ရေးအချက်အလက်များကို Personal Account များမှ တစ်ဆင့် တောင်းဆိုမည်မဟုတ်ပါ။
မိမိထံသို့ ဆက်သွယ်လာသည့် အကောင့်များကို သေချာစစ်ဆေးပြီး သံသယရှိပါက KBZPay Call Center သို့မဟုတ် နီးစပ်ရာ KBZPay Center သို့ ဆက်သွယ်အတည်ပြုပါ။


ဝက်ဘ်ဆိုက်အတုများဖြင့် လိမ်လည်ခြင်း
မသမာသူများသည် KBZ Bank နှင့် KBZPay ၏ တရားဝင်ဝက်ဘ်ဆိုက်များနှင့် ထပ်တူနီးပါး ဆင်တူသည့် ဝက်ဘ်ဆိုက်အတုများကို ဖန်တီးကာ Customer များ၏ OTP နှင့် PIN နံပါတ်များကို ရယူတတ်သောကြောင့် မိမိတို့ ဝင်ရောက်နေသည့် Website URL များကို အမြဲ ဂရုတစိုက် စစ်ဆေးပါ။ ယုံကြည်စိတ်ချရသော website အများစု၏ URL သည် “ https://” ဖြင့် အစချီပါသည်။
သတိထား ရှောင်ရှား မသမာသူရန်များ
KBZ Bank နှင့် KBZPay ၏ တရားဝင်ချန်နယ်များကို မှတစ်ဆင့် ဆက်သွယ်မှုများကို စစ်ဆေးပါ။
- KBZPay Facebook
- KBZPay Viber Community Channel
- KBZPay Application အတွင်းရှိ KBZPay Official Account
- KBZ Bank Facebook
- KBZ Bank Viber Community Channel
- KBZPay Application အတွင်းရှိ KBZ Bank Official Account
မိမိတို့၏ OTP နှင့် PIN နံပါတ်များကို မည်သူ့ကိုမျှ မျှဝေခြင်းမပြုပါနှင့်။
သံသယဖြစ်ဖွယ် သို့မဟုတ် ငွေကြေးလိမ်လည်မှုများကို ကြုံတွေ့နေရသည်ဟု ခံစားမိပါက KBZPay Call Center 3211 သို့ ဖုန်းဆက်ပါ သို့မဟုတ် နေ့စဉ် မနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ဖွင့်လှစ်ထားသော အနီးဆုံး KBZPay စင်တာသို့ သွားရောက်ပါ။