ငွေကြေးလိမ်လည်မှုတွေကို ဖော်ထုတ်နိုင်ဖို့ နည်းလမ်းကောင်းများ

ငွေကြေးလိမ်လည်မှုလို့ သံသယဖြစ်ဖွယ်ရာ အီးမေးလ် (သို့မဟုတ်) SMS စာတိုတွေကိုကို Facebook Messenger၊ Viber အစရှိသည့် Social Media Channel များမှ တစ်ဆင့် (သို့) ဖုန်း SMS မှတစ်ဆင့် လက်ခံရရှိဖူးပါသလား?
အောက်ပါ အချက်များကို အခြေခံပြီး ငွေကြေးလိမ်လည်မှု ဟုတ်၊ မဟုတ်ကို သေချာဆုံးဖြတ်ပါ။

၁. စာပို့သူ သို့မဟုတ် ဖုန်းခေါ်ဆိုလာသူက KBZPay OTP ကုတ်၊PIN နံပါတ် အပါအဝင် အခြား အရေးကြီး ကိုယ်ရေးအချက်အလက်တွေကို တောင်းဆိုနေပါသလား?


လိမ်လည်သူများသည် Customer များ၏ ငွေကြေးနှင့် ကိုယ်ရေးကိုယ်တာ အရေးကြီးအချက်အလက်များကို နည်းမျိုးစုံဖြင့် လိမ်လည်လှည့်ဖြားပြီး ရယူနိုင်ရန် ကြိုးပမ်းတတ်ကြပါသည်။
အထူးသဖြင့် ကမ္ဘောဇဘဏ် သို့မဟုတ် KBZPay မှ တာဝန်ရှိသူ ဟန်ဆောင်၍ Customer များ၏ KBZPay အကောင့် OTP နှင့် PIN နံပါတ် အပါအဝင် အခြားကိုယ်ရေးကိုယ်တာအသေးစိတ်အချက်အလက်များကို အကြောင်းပြချက်မျိုးစုံဖြင့် တောင်းဆိုတတ်ကြ‌သောကြောင့် customer များအနေဖြင့် အဆိုပါအရေးကြီးအချက်များကို အခြားသူများနှင့် လုံးဝ(လုံးဝ) မျှဝေခြင်းမပြုရပါ။
KBZPay ဝန်ထမ်းများအနေဖြင့်လည်း အီးမေးလ်၊ SMS စာတိုပေးပို့ခြင်း သို့မဟုတ် ဖုန်းခေါ်ဆိုမှုများမှတစ်ဆင့် စတင်ဆက်သွယ်၍ အဆိုပါအချက်အလက်များကို မည်သည့်အခါမျှ တောင်းဆိုမည်မဟုတ်ပါ

၂. ပေးပို့လာသည့် အီးမေးလ် သို့ မဟုတ် SMS တွင် သံသယဖြစ်ဖွယ်ရာ လင့်ခ် သို့မဟုတ် ပူးတွဲဖိုင် ပါရှိပါသလား?

သံသယဖြစ်ဖွယ် လင့်ခ် သို့မဟုတ် ပူးတွဲဖိုင် ပါသော အီးမေးလ် သို့မဟုတ် SMS များကို သတိထားပါ။ မသမာသူများသည် KBZPay OTP နှင့် PIN အပါအဝင် ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ခိုးယူရန် Website လင့်ခ် သို့မဟုတ် ဖုန်းထဲသို့ Malware ထည့်သွင်းရန် ရည်ရွယ်၍ အန္တရာယ်ရှိသော လင့်ခ်များ သို့မဟုတ် ပူးတွဲဖိုင်များ ပေးပို့တတ်သည်။ မမျှော်လင့်ဘဲ ရရှိသော အီးမေးလ် သို့မဟုတ် မက်ဆေ့ချ်များရှိ လင့်ခ်များကို မနှိပ်မီ သို့မဟုတ် ပူးတွဲဖိုင်များကို ဒေါင်းလုဒ်မလုပ်မီ အရင်းအမြစ်ကို အမြဲစစ်ဆေးပါ။

၃. အီးမေးလ် သို့မဟုတ် မက်ဆေ့ချ်တွင် အရေးတကြီးဖြစ်နေသည်ဟု ခံစားရပါသလား?

မသမာသူများသည် အရေးကြီးသည်ဟု ထင်ယောင်ထင်မှား ဖြစ်စေမည့် စာသားများ ဖြစ်သည့် “ ချက်ချင်းလုပ်ဆောင်ရန် လိုအပ်ပါသည်” သို့မဟုတ် “ သင့်၏ KBZPay အကောင့်အား ပိတ်သိမ်းတော့မည်” အစရှိသည့် စကားစုများကို အသုံးပြု၍ အီးမေးလ် သို့ မက်ဆေ့ချ်အတွင်းရှိ Website လင့်ခ်များ (သို့) ပူးတွဲပါဖိုင်များအတွင်းသို့ Customer များ အလောတကြီး ဝင်ရောက်ကြည့်ရှုရန် ပေးပို့တတ်ကြပါသည်။
ကမ္ဘောဇဘဏ်အနေဖြင့် Customer များထံသို့ ကိုယ်ရေးအချက်အလက်များကို အရေးတကြီးတောင်းသည့် အီးမေးလ် သို့မဟုတ် စာတိုများ လုံးဝ(လုံးဝ) မပေးပို့ပါ။
အဆိုပါ အီးမေးလ် သို့မဟုတ် မက်ဆေ့ချ်များကို လက်ခံရရှိပါက လင့်ခ်များ နှင့် ပူးတွဲဖိုင်များအတွင်းသို့ ချက်ချင်း ဝင်ရောက်ခြင်းမပြုဘဲ သေချာစိစစ် အတည်ပြုသင့်ပါသည်။

၄။ လက်ခံရရှိထားသော အီးမေးလ်၊ မက်ဆေ့ချ် သို့မဟုတ် ဖုန်းခေါ်ဆိုမှုနှင့် ပတ်သက်၍ သံသယရှိနေပါသလား?

သံသယစိတ်ကို ယုံကြည်လိုက်ပါ။
လက်ခံရရှိထားသော အီးမေးလ်၊ မက်ဆေ့ချ် နှင့် ဖုန်းခေါ်ဆိုမှုများတွင် တစ်စုံတစ်ရာမှားယွင်းနေတယ်လို့ ခံစားရပါက အဆိုပါ ခံစားချက်သည် မှန်ကန်နိုင်ပါသည်။
မသမာသူမှ ပေးပို့လာသည့် အီးမေးလ်နှင့် စာတိုများတွင် အသုံးပြုထားသော ဘာသာစကား၊ တောင်းဆိုထားသော အချက်အလက်များ သို့မဟုတ် မက်ဆေ့ချ်ပေးပို့သည့် နည်းလမ်းနှင့် ပတ်သက်၍ သံသယဖြစ်ပါက ဝင်ရောက် ကြည့်ရှုခြင်း မပြုဘဲ KBZPay Call Center 3211 သို့ ဖုန်းဆက်၍ ဖြစ်စေ သို့မဟုတ် နီးစပ်ရာ KBZPay စင်တာသို့ သွားရောက်၍ ဖြစ်စေ အတည်ပြုနိုင်ပါသည်။

အထက်ပါ အကြံပြုချက်များကို လိုက်နာခြင်းဖြင့် လူကြီးမင်းတို့၏ KBZPay အကောင့်များကို ကာကွယ်နိုင်ပြီး လိမ်လည်မှုများမှ ရှောင်ရှားနိုင်မည် ဖြစ်ပါသည်။
သံသယ တစ်စုံတစ်ရာ ရှိပါက သို့မဟုတ် KBZPay နှင့်ပတ်သက်သည့် သိရှိလိုသည်များကို ၂၄ နာရီပတ်လုံး ဖုန်းခေါ်ဆိုနိုင်သည့် KBZPay Call Center 3211 သို့ ဖုန်းခေါ်ဆို၍ ဖြစ်စေ နေ့စဉ် မနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း ပိတ်ရက်မရှိ ဖွင့်လှစ်ထားသော အနီးဆုံး KBZPay စင်တာသို့ သွားရောက် အတည်ပြုပါ။